လုပ်ကွက်ပျောက်တော့မယ့် ခရိုနီ သူဌေးကြီးတွေနှင့် ပြောင်းလဲလာတဲ့ ငွေရှာနည်း ပုံစံများ
ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်က သူဌေးတွေက ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကြပါဘူး။ ပိုင်ဆိုင်မူအရချမ်းသာတာ property rich ပါ။ ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အိမ်မြေစျေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ်တန်ဖိုး ၉၀ ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။ ဈေးတက်သွားလို့ပါ။ ဒီလို ချမ်းသာသွားတာကို မုဒိတာပွားနိုင်ပေမဲ့ တိုင်းပြည်အတွက် လုံးဝမကောင်းဘူးဆိုတာ သိစေချင်ပါတယ်။ အဲဒီလူတွေချမ်းသာသွားတယ်လို့ ပြောနိုင်တာထက် တနိုင်ငံလုံးက ကျန်တဲ့သူတွေ အိမ်မြေ မဝယ်နိုင်တော့တဲ့အတွက် မွဲသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။
အိမ်ခြံမြေသမားတွေက ဓနခွဲဝေမူ နည်းတတ်ပါတယ်။ အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။ နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။ နောက်ပြီး property rich တွေက ပိုချမ်းသာကြတဲ့အတွက် သူတို့က သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။ ဥပမာ နိုင်ငံခြားထွက်ပြီး shopping သွားတာမျိုး အလည်သွားတာမျိုး ဆေးကုတာမျိုး ကလေးကျောင်းထားတာမျိုးပါ။ ဒါကြောင့် သူတို့ချမ်းသာတာကလွဲရင် နိုင်ငံထဲမှာ တခြားလူကို အန္တရာယ်ပိုဖြစ်စေပါတယ်။ ကိုယ်တိုင်ကလည်း ကြာလေ ဥစ္စာစောင့်နဲ့ ပိုတူလာလေပါ။
ဝင်ငွေအရ ချမ်းသာလာတာ ကတော့ အလုပ်ကိုင်သစ် ဖန်တီးပေးတတ်ပါတယ်။ ဓနခွဲဝေမူလည်းဖြစ်ပါတယ်။ ထုတ်ကုန်လည်း ထုတ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ရော အလုပ်သမားရော နိုင်ငံရော ကောင်းပါတယ်။ နိုင်ငံစီးပွားလည်းတက်စေပါတယ်။ ဝင်ငွေကနေ ချမ်းသာလူတွေ မြန်မာပြည်မှာ နည်းပါတယ်။
တနှစ်ကို ဒေါ်လာ ၁ သန်းအထက် ဝင်ငွေရှိတဲ့လူ ကမ္ဘာပေါ်မှာ လူ တသန်းလောက်ရှိပါတယ်။ လူ ၇၀၀၀ ၈၀၀၀ မှာ တယောက်ဆိုပါတော့ မြန်မာပြည်မှာတော့ လွန်ရော ကျွံရော လူ ၄၀၀၀၊ ၅၀၀၀ ထက်မပိုနိုင်ပါဘူး။ လူ တသောင်းမှာ တယောက်နှုန်းထက် နည်းနိုင်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဘွဲ့ရ လုပ်သက် နှစ်နှစ်ရှိတဲ့ လူငယ် အများစု ရဲ့ ဝင်ငွေက တလကို ၅ သိန်းအောက်မှာဘဲ ရှိပါသေးတယ်။
အခု မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့ အမြဲနေပြီးစီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားတွေ သိန်းဂဏန်းရှိနေပါပြီ။ ကန့်သတ်ထားတဲ့ လုပ်ငန်းကလွဲပြီး လုပ်ငန်းပေါင်းစုံ လုပ်နေပါပြီ။ ဘောလုံးသမား၊ အင်္ဂလိပ်စာဆရာ၊ ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားက စပြီး ကိုယ်ပိုင်လုပ်ငန်းမျိုးစုံ ဥပမာ ဆံပင်ညှပ်ဆိုင် စားသောက်ဆိုင် ကုမ္ပဏီ စက်ရုံ မျိုးစုံပါ။
အဲဒီလူတွေက နိုင်ငံတကာက အတွေ့အကြုံ နည်းပညာ အဆက်အသွယ် ပိုရှိပြီး အရင်းအနှီးပိုကြပါတယ်။ ဒါအပြင် အရမ်းကြိုးစားကြပါတယ်။ လုပ်သက် အတွေ့အကြုံရှိတဲ့ လူငယ်တွေကို တလ ၅ သိန်း ကျော်အောင်ပေးခန့်နေတဲ့ လုပ်ငန်းရှင်တွေက အဲဒီ နိုင်ငံခြားသားတွေဖြစ်နေပါပြီ။ SME small and median enterprises လုပ်နေတဲ့ မြန်မာနိုင်ငံသား အဖေအမေတွေက သားသမီးတွေအတွက် တည်ငြိမ်တဲ့ အလုပ် မဖန်တီးပေးနိုင်တော့ပါဘူး။ သားသမီးတော်တော်များများက ဝန်ထမ်း စဖြစ်နေပါပြီ။ စျေးကွက်အနေအထား သေချာ မလေ့လာနိုင်တဲ့ မြန်မာသူဌေးများလည်း လုပ်ကွက်ပျောက်တော့မှာပါ။
ဥပမာ – အိမ်မြေဆိုပါတော့ ကွန်ဒို တလုံးဆောက်မယ်၊ အဆင့်မြင့်အိမ်ယာစီမံကိန်းက ဖော်ထုတ်မယ်၊ ပုဂ္ဂလိကစက်မူဇုန် ဖော်ထုတ်မယ်။ နမူနာတော့ မပြောတော့ပါဘူး။ ပြီးတော့ မြန်မာနိုင်ငံသားတွေ ဝယ်ယူနိုင်ဖို့ လက်တွေ့မကျတဲ့ စျေးနှုန်းခေါ်ပြီး မရောင်းဘဲထားပြီး ထိုင်စောင့်ကြမှာ မြန်မာသူဌေးတွေပါ။ ဈေးကွက် ရှိ မရှိ မလေ့လာဘဲ ဆောက်ခဲ့ပါတယ်။
နိုင်ငံခြားသားတွေတော့ အရောင်းအဝယ်ဖြစ်နိုင်မယ့် စျေးနှုန်း ဒါမှမဟုတ် နည်းလမ်းတွေ တခါထဲရှာလာပြီး ရောင်းထွက်အောင် အလုပ်ဖြစ်အောင် လုပ်သွားမှာပါ။ (နမူနာ ပေးရရင် သီလဝါ စက်မူဇုံပါ။ အရမ်းကောင်းပါတယ်။) တခုချင်းမှာ အမြတ်များများတင်ရောင်းတာထက် အရေအတွက်များများကို အမြတ်နည်းနည်းနဲ့ ရောင်းတာမျိုး ဝန်ဆောင်မူ ပိုပေးတာမျိုး ဖောက်သည်ရှိတဲ့နေရာ အထိ လိုက်ရောင်းတာမျိုး လုပ်လာကြတော့မှာပါ။
ဘဏ်တွေဆိုရင်လည်း တကယ် အလုပ်လုပ်မဲ့ လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးတာမျိုး လုပ်ရတော့မှာပါ။ အခုအချိန်မှာတော့ မြန်မာပြည်က ဘဏ်သူဌေးက လာအပ်တဲ့ငွေတွေကို နီးစပ်သူတွေနဲ့ သူတို့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့ ကိုယ့်ဖာသာကိုယ်ဘဲပြန်ချေးတာပါ။ အပြင်လုပ်ငန်းရှင်တွေကို ချေးပေးတာမျိုး အရမ်းနည်းပါတယ်။
အကြမ်းအားဖြင့်တော့ အိမ်ခြံမြေနဲ့ချမ်းသာလာတဲ့ မြန်မာသူဌေးတွေက ဝင်ငွေနဲ့ ချမ်းသာလာတာ ဖြစ်အောင် မလုပ်ရင် ရေရှည်ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ အစိုးရကလည်း နိုင်ငံအတွက် productive ဖြစ်အောင် မလုပ်တဲ့သူကိုတော့ ဆက်ထားမယ် မထင်ပါဘူး။
၂၀၁၅ အန်နယ်ဒီ အစိုးရ တက်လာပြီး စီးပွားရေးလုပ်ငန်းတွေကို စည်းကမ်းကြပ်မတ်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ဆက်တိုက် ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံမှာ သူဌေးရာထူး အပြောင်းအလဲ အတော်ဖြစ်ခဲ့ပါတယ်။ နိုင်ငံအတွက် မိမိရဲ့ လူမူအဖွဲ့အစည်းအတွက် productive ဖြစ်အောင် မလုပ်နိုင်တဲ့ သူဌေးတွေက နောက်ကို တဖြေးဖြေးရောက်သွားပြီး productive ဖြစ်အောင် လုပ်နိုင်တဲ့ သူဌေးတွေက ရှေ့ကို ပိုရောက်လာပါတယ်။ ဈေးကစားပြီး ချမ်းသာခဲ့တဲ့ သူဌေးတွေတော့ လာမဲ့တနှစ် နှစ်နှစ်အတွင်းမှာ ပိုကြပ်တည်းလာနိုင်ပါတယ်။ ဘဏ်တွေက တရားစွဲတာ မဖြစ်မနေ ခံကြရတော့မှာပါ။
နိုင်ငံတကာကနေ ပညာသင်၊ အလုပ်လုပ်ခဲ့တဲ့ လူငယ်အများအပြားဟာ မြန်မာပြည် ပြန်ရောက်လာကြပြီး (စင်္ကာပူ က professional and semi professional အဆင့် လူငယ် အများစု မြန်မာပြည် ပြန်ရောက်နေပါပြီ။) စီးပွားရေး နယ်ပယ်အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး သိပ်မကြာခင်မှာ မြန်မာပြည်ရဲ့ သန်းကြွယ်စာရင်းမှာ အများအပြားပါဝင်လာဖို့ ရှိပါတယ်။
သူဌေး ဒုတိယမျိုးဆက်ဖြစ်ခဲ့ရင်တော့ ဒေါ်လာ သန်း ၃၀ အထက် ချမ်းသာတဲ့ သူဌေးကြီး အဆင့် ဖြစ်ဖို့ရှိနေပါတယ်။ သူဌေးလောင်းအသစ်တွေ က လုပ်ငန်းနယ်ပယ်အသစ်တွေ လုပ်ကြတော့မှာမို့ သူတို့ကို အုပ်ချုပ်မဲ့ လူငယ်အစိုးရ အရာရှိတွေကို အမြန်လဲဖို့ လိုနေပါပြီ။ ဝန်ကြီးလို နေရာမျိုးတွေကို လူငယ်တွေ အမြန်ပေးဖို့ လိုနေပါတယ်။ (Maw Ci)
ကျွန်တော်တို့ အဖိုးခေတ်က အလုပ်လုပ်ရင် ဝင်ငွေရှိတယ် သူများထက်ပို အလုပ်ကြီုးစားရင် ချမ်းသာတယ် ။ လယ်ထဲ ယာထဲမှာ လုပ်လုပ်၊ တောထဲတောင်ထဲမှာလုပ်လုပ်၊ မြစ်ချောင်းအင်းအိုင်မှာ ရှာစားစား တနှပ်စာအတွက် မပူရဘူး။ အဲ့ဒီခေတ်အချိန်အခါက တိုင်းပြည်တပြည်မှာ skilled အလုပ်သမား (ကျွမ်းကျင်လုပ်သား) 20% လောက်ပဲရှိတယ်။ ကျန်တာက သူလိုကိုယ်လိုပါပဲ။ လယ်များများထွန်နိုင်တဲ့လူက လယ်ပိုင်ရှင်ကြီးဖြစ်သွားတာပဲ.. အလုပ်ကြိုးစားရင် မငတ်ဘူး..
မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ ရာသီဥတုတွေ၊ စျေးကွက် တွက်ချက်မှုတွေ ဆိုတဲ့ skills တွေ မလိုဘူး.. ရာသီဥတုမကောင်းဘူး ပိုးကျတယ်ဆိုရင် တနိုင်ငံလုံးထိတယ်.. အားလုံး သူလိုငါလိုပဲ
ဒီခေတ်မှာတော့ မိမိလုပ်ငန်းခွင်ကို မိမိ တဖက်ကမ်းခတ် ကျွမ်းကျင်ရတဲ့ skilled လုပ်သားခေတ်ရောက်လာပါပြီ၊ ဘာမှမတတ်ရင် ငတ် မဲ့ခေတ်၊ ကျွမ်းကျင်မှုနည်တဲ့ နိုင်ငံဆို ဆင်းရဲသားပေါတဲ့နိုင်ငံဖြစ်မဲ့ခေတ်ပါ။ လယ်ထွန်တာ စက်ကထွန်တော့မယ်.. အလုပ်သမားနေရာကို စက်တွေဝင်တဲ့ခေတ် မှာ ကိုယ့်ပညာ က အလုပ်သမားလုပ်တတ်ယုံ ပညာ ပဲ တတ်ရင် ကိုယ် ငတ်မှာပဲ။ ဘတ်စ်ကားတွေ မှာ ငွေလိုက်ကောက်ဖို့ စပယ်ယာမလိုတဲ့ခေတ်မှာ မိမိက စပယ်ယာပဲလုပ်တတ်ရင် ငတ်မှာပဲ။ အလုပ်ကြိုးစားချင်တဲ့စိတ်ရှိယုံနဲ့ မလုံလောက်တောပါဘူး၊ semi skilled or skilled ဖြစ်မှ အသက်ရှင်ကြတော့မယ်..
နိုင်ငံကို မှန်ကန်တဲ့ပညာရေးစနစ်နဲ့ တွန်းတင်ရမဲ့ခေတ်မို့ အခုကတည်းက ကဏ္ဍ အလိုက် ဉာဏ်ရည်အလိုက် skilled လုပ်သားများ အသိပညာရှင် အတတ်ပညာရှင်များသာမွေးထုတ်ပေးတဲ့ပညာရေး စနစ်နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံ ဖြစ်အောင် ကြိုးစားပေးဖို့ အစိုးရကို တိုက်တွန်းအပ်ပါတယ်.. (Kyaw Swa Min)